ငွေဆောင်ကမ်းခြေ၌ အစိုးရရုံးပိတ်ရက်များတွင် အပန်းဖြေလာရောက်သူများဖြင့်စည်ကား

ငွေဆောင် မတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ ယခုနှစ်မတ်လ ၂၅ ရက် နေ့မှမတ်လ ၂၇ ရက်နေ့ (တပ်မတော်နေ့)အထိ အစိုးရရုံးပိတ်ရက် ၃ ရက်ရှိရာ မတ်လ ၂၅ ရက်ရုံးပိတ်ရက်နေ့မှ စတင်၍ ငွေဆောင်ကမ်းခြေသို့ လာရောက်အနားယူအပန်းဖြေကြသော ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေသည် ကမ်းရိုးတန်းရှည်လျားခြင်း၊ ပင်လယ်ရေကြည်လင်ခြင်းနှင့် သဲသောင်ပြင်သန့်ရှင်းခြင်းတို့ကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ၏ စိတ်ဝင်စားမှုကို ရရှိကာ လာရောက်လည်ပတ်မှုများသည့် ကမ်းခြေတစ်ခုဖြစ်သည်။ ယခုကာလသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးစီးချိန်လည်းဖြစ်၊ အစိုးရရုံးပိတ်ရက်လည်း ဖြစ်သောကြောင့် ကမ်းခြေတွင် လမ်းလျှောက်ကြသူများ၊ အပန်းဖြေနေကြသူများ၊ ရေကူးကြသူများ၊ speedboat, BananaBoat စီးကြသူများ၊ ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်းဘုရားသုံးဆူနှင့် မိုးမခဆင်စခန်းသို့ သွားရောက်လည်ပတ်ကြသူများဖြင့် စည်ကားနေသည်။

ငွေဆောင်ကမ်းခြေတွင် ဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ အနားယူနိုင်ရေး၊ လုံခြုံမှုရှိစေရေး၊ ကမ်းခြေသန့်ရှင်းသာယာလှပရေး၊ ကမ်းခြေစျေးရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှုရှိစေရေးနှင့် ယာဥ်ကြောပိတ်ဆို့မှု မဖြစ်စေရေးတို့အတွက် ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ငွေဆောင်နယ် မြေရဲတပ်ဖွဲ့စခန်း၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

ငွေဆောင် (ပြန်/ဆက်)