လိပ်သို အောက်တိုဘာ ၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို ဒုတိယ အကြိမ် ကပ်ထား ကြေညာထားရှိမှုအခြေအနေများကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့ပေါ်/ရပ်ကွက် (၆) ရပ်ကွက်တွင် မြို့နယ်ကော်မရှင် အဖွဲ့ခွဲအဖွဲ့၀င်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လိပ်သိုမြို့ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ မြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့၀င် ဦးအေးလွင်တို့က မဲဆန္ဒနယ် မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို ကပ်ထားကြေညာထားရှိမှုအခြေအနေ ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ၊ အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ အကျယ်တ၀င့်သိရှိ နိုင်စေရန်အတွက် သတ်မှတ်ချက်အတိုင်း လိုက်လံနှိုးဆော်ပေးရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သံတောင်ကြီးမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) လိပ်သိုနယ်မြေတွင် မဲရုံပေါင်း (၄၇) ရုံ ရှိပြီး ဒုတိယအကြိမ် အဖြစ် မဲစာရင်းများ ကပ်ထားကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ကြေညာပေးမည်ဖြစ်ပြီး မဲဆန္ဒရှင်များ အနေဖြင့် လာရောက်ကြည့်ရှုစစ်ဆေးပြီး မှားယွင်းမှုများ ရှိနေပါက သတ်မှတ်ပုံစံများဖြင့် ပြန်လည်လျှောက်ထားနိုင်ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)