ရွှေဘို ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လည် ၂ နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ လူငယ်အသင်း (Youth Club) နှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခမဲ့ နွေရာသီသင်တန်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ညှိနှိုင်းခြင်းများ ဆောင်ရွက်သည်။
ရှေးဦးစွာ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းဇော်က နွေရာသီ သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးနေကြောင်း ယခုနှစ်တွင်လည်း သင်တန်းများဖွင့်လှစ်သင်ကြား ပေးနိုင်ရေးနှင့် မည်သည့်သင်တန်းများ ပို့ချမည်ကို တိုင်ပင်ဆွေးနွေးနိုင်ရန် ယခုကဲ့သို့ ခေါ်ယူညှိနှိုင်းခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများ၏ တင်ပြ ဆွေးနွေးဆုံးဖြတ်ချက်အရ နွေရာသီသင်တန်းများအဖြစ် အင်္ဂလိပ်စာသင်တန်း၊ စာရေးသားနည်းသင်တန်းနှင့် ကဗျာရေးသားနည်း သင်တန်းများကို မတ်လ ၁၆ ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းများအား အင်္ဂလိပ် စာသင်တန်းကို ဆရာဦးမှိုဥနှင့် ဆရာဦးကျော်ဇေယျတို့က လည်းကောင်း၊ စာရေးသားနည်း သင်တန်းကို စာရေးဆရာ အောင်ဖုန်းညို၊ စာရေးဆရာ ဒေါက်တာတင်ဝင်းနှင့် စာရေးဆရာ မြတ်သာထွန်းတို့ကလည်းကောင်း၊ ကဗျာရေးနည်းသင်တန်းကို စာရေးဆရာမအနွဲ့(ရွှေဘို)၊ လှိုင်မွန်(ရွှေဘို)နှင့် မိုးစက် (ကျွန်းလှ) တို့ကလည်းကောင်း အသီးသီးပို့ချသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရွှေဘိုခရိုင် ပညာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး၊ ဆရာမကြီး ဒေါ်မြင့်မြင့်တင် က အခြေခံပညာ ကျောင်းများသို့ နွေရာသီသင်တန်း တက်ရောက်နိုင်ရေး ဆက်လက်အသိပေး အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)