ဂန့်ဂေါ မတ် ၂၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (MYANCOPHARM) စတုတ္ထအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်မှစ၍ ဆေးထိုးစုရပ်ဖြစ်သည့် ဂန့်ဂေါခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (MYANCOPHARM) စတုတ္ထအကြိမ် ထိုးနှံခြင်းကို ဂန့်ဂေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂန့်ဂေါခရိုင် ပြည်သူ့ဆေးရုံကြီးမှ မြို့နယ်ကျန်းမာရေးမှူး၊ ဦးစန်းဝင်းဦးဆောင်သည့် ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးရန် လာရောက်သည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်း၊ ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ကူညီဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးခြင်းကို နံနက် (၉)နာရီမှ (၁၂)နာရီထိ၊ နေ့လည်(၁)နာရီမှ (၃)နာရီထိ ထိုးနှံ ပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု (၃၆၀)ဦးကို ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး (MYANCOPHARM)စတုတ္ထအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
မောင်မျိုးမင်း