လက်ပံတန်းမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နင်းဂျမ်းဦးကျေးရွာ မြေနီလမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

လက်ပံတန်း      မတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျဉ်ထောင်တွင်းကျေးရွာအုပ်စု၊ နင်းဂျမ်းဦးကျေးရွာ ရွာတွင်းမြေနီလမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများတက်ရောက်သည်။

အခမ်းအနားတွင် သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ပံတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က ကျေးရွာတွင်း မြေနီလမ်းရေရှည်တည်တံ့ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပျဉ်ထောင်တွင်းကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးထွန်းက မြေနီလမ်းဆောင်ရွက်ပေးမှုအတွက် ကျေးရွာပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသက်စိုးတို့က ကျေးရွာမြေနီလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 အရှည်ပေ ၂၀၀၀၊ အကျယ် ၁၂ ပေနှင့် ၆ လက်မထုရှိ နင်းဂျမ်းဦးကျေးရွာ မြေနီလမ်းကို    လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၀ သန်းနှင့် ကျေးရွာပြည်သူတို့မှ (ပစ္စည်း/ လုပ်အား) ပူးပေါင်းပါဝင်မှုဖြင့် ခင်းကျင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ လမ်းပန်းဆက်သွယ်သွားလာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

 မြို့နယ် (ပြန်/ဆက်)