မကွေး မတ် ၂၆
မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မကွေးအခြေခံကျန်းမာရေး တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အခြေခံကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာဘေဘီနှင့်ဆရာ/ဆရာမများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဇာတ်တိုက်လေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်လေ့ကျင့်ကြမည့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အချိန်တွင် ရာသီဥတုပြောင်းလဲမှုအကျိုးဆက်အဖြစ် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို ကမ္ဘာ့နိုင်ငံအသီးသီးက ခံစားနေရသည့်နည်းတူ မိမိတို့မြန်မာနိုင်ငံတွင်လည်း သဘာဝဘေးအန္တရာယ်များကို ပိုမိုခံစားလာရပါကြောင်း၊ သဘာဝဘေးအန္တရာယ်သည် တားဆီး၍ မရနိုင်သော်လည်း ကြိုတင်ကာကွယ်ခြင်းနှင့်ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ပါက ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းဖြင့်မဟုတ်ဘဲ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပြည်သူလူထု၏အသက်အိုးအိမ်၊ စည်းစိမ်ကိုကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များတွင် ငလျင်ဘေးအန္တရာယ်သည် အဖျက်စွမ်းအားလွန်စွာကြီးမားပြီး ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိဘဲ အချိန်မရွေးဖြစ်ပွားနိုင်ကာ ပျက်စီးဆုံးရှုံးမှုကြီးမားကာ နောက်ဆက်တွဲဘေးများလည်းရှိသောကြောင့် အားလုံးဂရုပြုပြီး ကြိုတင်ပြင်ဆင်ရမည့်ဖြစ်သည့်အပြင် သဘာဝဘေးလျော့ပါးရေးအတွက် ကြိုတင်ကာကွယ်ခြင်းဆောင်ရွက်ရာတွင် ပြည်သူလူထုထံသို့ အသိပညာပေးဆောင်ရွက်ခြင်းမှာ အလွန်အရေးကြီးပြီး ပြည်သူလူထုအနေဖြင့်ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိကာ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ပါက ဆုံးရှုံးမှုများလျော့နည်းမည်ဖြစ်ပါကြောင်း၊ ယခုလို လက်တွေ့ပူးပေါင်းလေ့ကျင့်ခြင်းဖြင့် ဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ရပါက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုသိရှိပြီး ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်မည့် ကျောင်းသား/သူများသည်လည်း ကျန်းမာရေးဝန်ထမ်းများအဖြစ် နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကာ မိမိတို့တာဝန်ကျရာဒေသများရှိ ပြည်သူလူထုများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများအား ဆက်လက်ဖြန့်ဝေနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုအဖြစ် ငလျင် လှုပ်ခတ်ခြင်းအကြောင်း အချက်ပေးခြင်းနှင့်အတူ ကျောင်းသား/သူများမှ ဝပ်၊ ကာ၊ ကိုင်ပုံစံဖြင့် နေရာယူခြင်း၊ ငလျင်လှုပ်ခတ်မှုငြိမ်သက်ပါက အဆောင်အဦးနှင့်လွတ်ကင်းရာ ကွင်းပြင်နေရာများတွင် နေရာယူခြင်းတို့ကို သရုပ်ပြသခဲ့ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ရှေးဦးသူနာပြုစုခြင်းသရုပ်ပြသခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက ဆေးဝါးကုသမှုသရုပ်ပြသခြင်းနှင့် ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းအဖွဲ့က ယာဉ်၊ ယန္တရားများဖြင့် ဘေးကင်းလုံခြုံသည့်နေရာများသို့ ပို့ဆောင်ပေးခြင်းစသည့် သရုပ်ပြသမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)