စစ်ကိုင်းမြို့၊ မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ

စစ်ကိုင်း မတ် ၂၅

စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မြင့်ဟန် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့၊ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ မြန်မာ့ မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးက အများပြည်သူများ/စက်ရုံ ရုံဝန်ထမ်းများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ မီးလောင်မှုစတင်ဖြစ်ပွားပါက စိတ်ကိုတည်ငြိမ်အောင်ထား၍ စတင်လုပ်ဆောင်ရမည့် အခြေအနေများ၊ မိမိတို့နေ့စဉ်အသုံးပြု ဆောင်ရွက်နေကြသည့် လျှပ်စစ်မီးနှင့် ပတ်သက်သည့်ပစ္စည်းများကို မကြာခဏ စစ်ဆေးပေးကြဖို့ ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်မှုရှိသည့် လုပ်ငန်းစဉ်များ ဖြစ်သည့်အတွက် အလေးထားပြုမူဆောင်ရွက်သွားကြပါလို့ အထူးဆွေးနွေးလိုကြောင်း စသည်ဖြင့် ပြောကြားပေးခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်နည်း အဆင့် ဆင့်တို့ကို ရှင်းလင်းပြသကာ လက်တွေ့ မီးငြှိမ်းသတ်နည်း ဆောင်ရွက်ခဲ့ကြပြီး စက်ရုံအတွင်းရှိရေစုအန်များ၊ ရေပိုက်လိုင်းများ၊ လျှပ်စစ်ကြိုးများနှင့် လျှပ်စစ်မီးခလုတ်များ ကောင်းမွန်မှုရှိရေးတို့ကို စစ်ဆေးကြည့်ရှုခဲ့ကြ၍လိုအပ်သည်များကို စက်ရုံတာဝန်ခံများနှင့်ဝန်ထမ်းများအား ဆွေးနွေးပြော ကြားခဲ့သည်။

စစ်ကိုင်း ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် နွေရာသီပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ  အများပြည်သူများနှင့် သက်ဆိုင်သည့် စာသင်ကျောင်းများ၊ ရုံးဌာနများ၊ ဈေးများ၊ ပြည်သူ့ဆေးရုံကြီးများနှင့် ဘုရား/ ကျောင်းကန်/ သိမ်/ ဇရပ် စသည့်နေရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းများကို စဉ်ဆက်မပြတ်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်