ကျောက်ကြီးမြို့နယ်၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း ဖွင့်လှစ်

ကျောက်ကြီး အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် အထူးရဲသင်တန်းဖွင့်ပွဲကို ပဲခူးရပ်ကွက် အ.ထ.က ( ခွဲ) ကျောင်း၌ ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးစောရှီးရှိုမှ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် အထူးရဲများ ခန့်အပ်ရခြင်းဖြစ်ပြီး သင်တန်းတက်ရောက်ချိန်တွင် အထူးရဲများအနေဖြင့် စိတ်ပါဝင်စားစွာ လေ့လာ သင်ယူကြဖို့နှင့် နားလည်တတ်မြောက်စွာ သင်ကြားစေလိုကြောင်း စသည်ဖြင့် အမှာ စကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းမှ အထူးရဲများကို ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၄)အုပ်စုရှိ မဲရုံပေါင်း (၁၄၆)ရုံတွင် တာဝန်ပေးသွားမှာဖြစ်ရာ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်သွားမှာဖြစ်ပြီး နတ်သံကွင်းဒေသ၌ အထူးရဲ (၄၆)ဦး၊ မုန်းဒေသ၌ အထူးရဲ(၅၄)ဦးကျောက်ကြီး မြို့၌ အထူးရဲ(၄၆)ဦးတို့အား သက်ဆိုင်ရာ ရဲစခန်းရဲတပ်ဖွဲ့ဝင် နည်းပြများမှ အောက်တိုဘာ(၁)ရက်နေ့မှအောက်တိုဘာ(၂၈) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ သင်တန်းတွင် သက်ဆိုင်ရာဘာသာရပ်များ အလိုက် သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

K ခိုင် ပြန်/ဆက်