ဖရူဆို အောက်တိုဘာ ၁
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ဖရူဆိုမြို့နယ်အတွင်းရှိ မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်းရန် အထူးရဲ (၃၇) ဦးအား ယနေ့နံနက်ပိုင်းက ဖရူဆိုမြို့နယ် အထကကျောင်း အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ပေးလျက်ရှိကြောင်းသိရသည် ။
အဆိုပါ သင်တန်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်လင်း က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲကာလအတွင်း မဲရုံများတွင် လုံခြုံရေးဆောင်ရွက်ရန် အထူးရဲများ ခန့်ထားရခြင်းဖြစ်ကြောင်းနှင့် အထူးရဲများ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း စည်းကမ်းများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ၊ သိသင့်သိထိုက်သည့် အချက်များနှင့် ဆောင်ရန် ရှောင်ရန်အချက်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဖရူဆိုမြို့နယ်တွင် လျာထားမဲရုံ (၃၇)ရှိပြီး မဲရုံလုံခြုံရေးအတွက် အထူးရဲ (၃၇)ဦးကို သင်တန်းနည်းပြ (၄)ဦးဖြင့် (၁-၁၀-၂၀၂၀) ရက်နေ့မှ (၂၈-၁၀-၂၀၂၀) ရက်နေ့ထိ သင်တန်းပေးသွား မည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့များနှင့် ပူးပေါင်း၍ အများပြည်သူ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ ညွှန်ကြားချက်နှင့်အညီ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ နိုင်ဝင်ဘာ ၁၅ ရက်နေ့ထိ ရက်ပေါင်း ၄၆ ရက် ခန့်အပ် တာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)