ဖားဆောင်း အောက်တိုဘာ ၁
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာ ပေးထားကြောင်း သိရသည်။
ထိုသို့ ကပ်ထားကြော်ငြာခြင်းသည် ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ်ဖြစ်ပြီး အောက်တိုဘာလ(၁) ရက်နေ့မှ (၁၄)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးထားမည်ဖြစ်ကြောင်း၊ ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ-၃ ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း ၊ အခြားဒေသမှ လာရောက်နေထိုင်သူများ ဖြစ်ပါက ပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ-၄ ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဖားဆောင်းမြို့နယ်၌ မဲရုံပေါင်း(၁၇)ရုံ သတ်မှတ်ထားရှိပြီး မဲဆန္ဒရှင်ဦးရေ ၁၄၉၆၄ ဦးရှိကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)