ဘားအံ မတ် ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အိမ်တွင်းမှုစီးပွားရေး တစ်ပိုင်တစ်နိုင်ပြုလုပ်နိုင်သည့် အမျိုးသမီးသုံး ဘိုးကလစ်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက “ယခုသင်တန်းသည် အမျိုးသမီးများ၏ဘဝကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အိမ်တွင်းမှုစီးပွားရေးကို အထောက်အကူပြုနိုင်သည့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြစ်သည့်အတွက် အမျိုးသမီးများ အိမ်မှုကိစ္စများဆောင်ရွက်ရင်း အပိုဝင်ငွေ တစ်ဖက်တစ်လမ်းမှရရှိစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း” သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းနည်းပြဆရာမ၊ ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သန်းသန်းဝင်းက သင်တန်းတွင်သင်ကြားပေးမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဘိုးကလစ်ပြုလုပ်နည်းသင်တန်းသို့ ဘားအံမြို့နယ်အတွင်းမှ အမျိုးသမီးငယ်များ၊ ပြည်နယ်/ခရိုင်၊ မြို့နယ်မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)