ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ပိုင်ကျုံ မတ် ၂၄

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ  လူထုအခြေပြုဗဟိုဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အကြောင်းများကိုပြည်သူများ အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက်   မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ဆွေးနွေးပွဲ  ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့၊ နယ်မြေမီးသတ်စခန်းမှ ဒု-မီးသတ်ဦးစီးမှူး ငြိမ်းအောင်က မီးဘေးအန္တရာယ် မကျရောက်ခင်ကြိုတင် ပြင်ဆင်ရမည့်အချက်များ၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ရှောင်ရှားရမည့်အချက်များ၊ မီးလောင်နေစဉ်အတွင်း  လိုက်နာဆောင်ရွက်ရမည့်အချက်များ/ ရှောင်ရှားသင့်သည့်အချက်များ၊  မီးငြိမ်းသတ်ပြီးပါက ပြုလုပ်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားသည့်ပုံစံနှင့် မီးငြိမ်းသတ်ရန်နည်းလမ်းများအား အသိပညာပေး ဆွေးနွေးခဲ့သည်။

ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများသိသင့်သိထိုက်သည့် အသိပညာပေးအကြောင်းအရာများကို ပြည်သူ့စာကြည့်တိုက် Page တွင် Online မှတဆင့်   စဉ်ဆက်မပြတ်လွှင့်တင် ပေးလျက်ရှိသည့်အပြင် အသိပညာပေး(Talk Show) ဆွေးနွေးပွဲများကိုလည်း သက်ဆိုင်ရာဌာန အကြီးအကဲနှင့် ပူးပေါင်း၍ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)