ကျွန်းစုမြို့တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

ကျွန်းစု မတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း က အသင်းအဖွဲ့ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ အသင်းအဖွဲ့၏ အဓိပ္ပါယ်၊ မှတ်ပုံတင်လျှောက်ထားရမည့် အသင်းအဖွဲ့များ၊ ဆောင်ရွက်နိုင်သော လုပ်ငန်းနယ်ပယ်များ၊မှတ်ပုံတင်ခြင်းအတွက် ကာလကန့်သတ်ချက်များ၊ အသင်းအဖွဲ့၏ အခွင့်အရေးများနှင့် တာဝန်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ က စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်နှင့် ပြစ်ဒဏ်များ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးစီးဆင်း/စီမံခန့်ခွဲသုံးစွဲ/ထောက်ပံ့ခြင်းများ ရှောင်ကြဉ်ရန်ကိစ္စ၊ အသင်းအဖွဲ့ဆိုင်ရာ အချက်အလက်များ ပြင်ဆင်ပြောင်းလဲခြင်းများ၊မှတ်ပုံတင်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ တားမြစ်ချက်နှင့် ပြစ်ဒဏ်များ၊ ရည်ရွယ်ချက်လုပ်ငန်းစဉ်နှင့် ဆက်စပ်သည့် ဝန်ကြီးဌာန၏ အခန်းကဏ္ဍ များအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးပြည့်ဖြိုးသော်တာက လှုပ်ရှားဆောင်ရွက်ပုံနည်းလမ်း/နည်းဗျူဟာ အရ သတ်မှတ်သည့် အကြမ်းဖက်မှုပုံစံများ၊ အကြမ်းဖက်အား ငွေကြေးထောက်ပံ့သည့် ယေဘုယျအရင်းအမြစ်(၃)မျိုး၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်ဆံရေးအပေါ်သတိပြုရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များအားမေးမြန်းရာ ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေး ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

ကျွန်းစု (ပြန်/ဆက်)