အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

လွိုင်ကော် မတ် ၂၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက နိုင်ငံတော်၏လိုအပ်ချက်အရ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင်နေထိုင်သော ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးဟူသော မူဝါဒ ၄ ရပ် လက်ကိုင်ထားကာ ရည်မှန်းချက် ၇ ရပ်၊ လုပ်ငန်းစဉ် ၁၈ ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (လွိုင်ကော်)တွင် အခြေခံစက်ချုပ်သင်တန်း(၇၃)ကြိမ်၊ အဆင်မြင့် စက်ချုပ်သင်တန်း ၅၂ ကြိမ်၊ သိုးမွေးထိုးသင်တန်း ၁၅ ကြိမ်၊ ဟင်းလျာသင်တန်း ၁ ကြိမ်၊ ကြိမ်/ဝါး သင်တန်း ၂ ကြိမ်၊ ဂျပ်ခုတ်သင်တန်း ၁၈ ကြိမ်၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် ၂ ကြိမ် ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ဖြစ်ကြောင်း၊ သင်တန်းတွင်ပို့ချပေးလိုက်သော အသက်မွေးဝမ်းကျောင်းပညာရပ်များကို လက်တွေ့အသုံးချကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကြိုးစားဆောင်ရွက်ကြပြီး တတ်မြောက်ထားသည့် ပညာရပ်များကိုလည်းမိမိပတ်ဝန်းကျင်မှာ ပြန်လည်ဆင့်ပွား သင်ကြားပေးသွား ဖို့လိုအပ်မှာဖြစ်ကြောင်း အဖွင့်အမှာစကားတွင်ပြောကြားခဲ့သည် ။

ထို့နောက် အဆင့်မြင့်စက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရရှိသူနှင့် သင်တန်းဆင်း အောင်လက်မှတ်များအား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ဧည်သည်တော်များက သင်တန်းသူများ၏အိမ်တွင်းမှုလက်ရာများနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ဖွင့်လှစ်ထားသည့် အိမ်တွင်းမှုလုပ်ငန်းပစ္စည်းများ အရောင်းဆိုင်အား လည့်လှည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)