ကြို့ပင်ကောက် မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် သစ်တောဦးစီးဌာနတွင် ဒေသတွင်းစိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်ပေါင်းလေးသောင်း ပျိုးထောင်ထားရှိကြောင်း လာမည့်မေလ နောက်ဆုံးပတ်တွင် မြို့နယ်အတွင်း စိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ရာသီဥတုမျှတကောင်းမွန်စေရေး၊ ဒေသတွင်း စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များစိုက်ပျိုးရန် ရန်ကုန်ပြည်ကားလမ်း မကျီးကုန်းပျိုးဥယျာဉ်တွင် ကျွန်းပင်(၂၀၀၀၀)၊ မန်ဂျန်ရှား(၁၆၅၃၅)၊ ဗန်ဒါ(၄၅၀)၊ဇီးဖြူ(၈၅၀)၊ မြန်မာကုက္ကိုလ်(၁၀၀၀)၊ ယင်းမာ(၁၀၀၀)၊ ဝါး(၁၆၅)ပင်တို့ကို ပျိုးထောင်ထားရှိကြောင်း လာမည့်မိုးဦးရာသီတွင် စိုက်ပျိုးရန်အတွက် စုစုပေါင်းပျိုးပင် လေးသောင်း ပျိုးထောင်ထားပြီး ဗန်ဒါပင်နှင့်မယ်ဇလီပင် မျိုးစေ့များရရှိပါက ဆက်လက်ပျိုးထောင်သွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးကျော်မိုးထံမှ သိရသည်။
အဆိုပါပျိုးထောင်ထားရှိသော ပျိုးပင်များကို မြို့နယ်အတွင်းရှိဒေသခံများ၊ ဌာနဆိုင်ရာရုံးများတွင် စိုက်ပျိုးသွားနိုင်ရေး အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး မေလနောက်ဆုံးပတ်တွင် ဘော်ဘင်ကျိုးဝိုင်း တွင် ကျင်းပပြုလုပ်မည့်သစ်ပင်စိုက်ပျိုးပွဲတော်တွင်လည်း ကျွန်းပင်များစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)