သရက်ချောင်း မတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် ပရဟိတအသင်းအဖွဲ့များအပေါ် စည်းမျဉ်းကြီးကြပ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က သရက်ချောင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် ဝန်ထမ်းများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပရဟိတ၊ လူမှုရေးအသင်းအဖွဲ့(၆)သင်း တက်ရောက်ခဲ့ပြီး မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားကာ ဆွေးနွေးပွဲအား စတင်ခဲ့သည်။
ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်မှတ်ပုံတင်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် ယခုလိုတွေ့ဆုံဆွေးနွေး ရခြင်းမှာ နိုင်ငံတော်မှ ချမှတ်သော ဥပဒေများကိုအသင်းအဖွဲ့များ သိရှိလိုက်နာဆောင်ရွက်စေရန်၊ မိမိတို့အသင်းအဖွဲ့၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ်မလွှဲမှားစေရန်၊ မြို့နယ်အတွင်း မှတ်ပုံတင်ထားသည့်လူမှုရေးအသင်းအဖွဲ့ (၁၂)ဖွဲ့ရှိသည့်အနက် အမှန်တကယ်လှုပ်ရှားသည့်အသင်းအဖွဲ့များနှင့် လှုပ်ရှားမှုမရှိသည့်အသင်းအဖွဲ့များကို သိရှိနိုင်စေရန်၊မှတ်ပုံတင်သက်တမ်းကုန်ဆုံး လျှင် အသစ်ပြန်လည် လျှောက်ထားကြရန်၊ မှတ်ပုံတင်လျှောက်ထားရမည့်ပုံစံများ၊ သတိပြုရမည့်အချက်များ၊ လှုပ်ရှားမှုနှင့်ပတ်သက်၍ ဥပဒေများနှင့်အညီ ဆောင်ရွက်ရန်၊ ပယ်ဖျက်ဥပဒေနှင့် ပြဋ္ဌာန်းထားသောဥပဒေများကိုသိရှိလိုက်နာ ဆောင်ရွက်ရန်နှင့် အသင်းအဖွဲ့များမှ သိရှိလိုသောအကြောင်းအရာများ မရှင်းလင်းသည်များရှိပါက ပြန်လည်ဆွေးနွေးမေးမြန်းကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က မှတ်ပုံတင်ရေးနှင့်ပတ်သက်သော တားမြစ်ချက်နှင့် ပြစ်ဒဏ်၊ ချမှတ်နိုင်သော ပြစ်မှုပြစ်ဒဏ်များ၊ လှုပ်ရှားဆောင်ရွက်ပုံနည်းလမ်း/ နည်းဗျူဟာအရ သတ်မှတ်သည့်အကြမ်းဖက်မှုပုံစံများအကြောင်း၊ အကြမ်းဖက်အား ငွေကြေး ထောက်ပံ့သည့်အရင်းအမြစ်(၃)မျိုး စသည့်အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပြီး မှတ်ပုံတင်ရေးအဖွဲ့ဝင် မြို့နယ်ရဲမှူးထွန်းအောင်ကျော်က လိုအပ်သည်များကို ထပ်ဆင့်ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက်တက်ရောက်လာကြသော ပရဟိတ၊ လူမှုရေးအသင်းအဖွဲ့များမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)