လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး Talk Show ဆွေးနွေးပွဲကျင်းပ

ကြာအင်ဆိပ်ကြီး မတ် ၂၄

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူများအနေဖြင့် သိသင့်သိထိုက်သည်များအား လေ့လာမှတ်သား သိရှိနားလည်နိုင်စေရေး အမျိုးသမီးများ၏ ရပိုင်ခွင့်အခွင့်အရေးများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Talk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။ ၎င်းဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်နှင့် Book Club အဖွဲ့ဝင်ဒေါ်နန်းညွှန်ညွှန်ဆွေတို့က ဆွေးနွေးသည်။

ထိုသို့ဆွေးနွေးရာ၌ စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဒေါ်နန်းညွှန်ညွှန်ဆွေက ဆွေးနွေးပြောကြားရာတွင် အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်းများ၊ မတရားခေါင်းပုံဖြတ်စေခိုင်းခြင်း၊ လူကုန်ကူးခြင်းများ၊ ညှမ်းပမ်းနှိပ်စက်ခြင်း၊ အတင်းအဓမ္မစေခိုင်များ၊ ကိုယ်ထိလက်ရောက် ကျူးလွန်အနိုင်ကျင့်ခြင်းစသည်များနှင့် ပတ်သက်၍ အမျိုးသမီးများ၏ ရပိုင်ခွင့် တရားစွဲဆိုခွင့် အခွင့်အရေးများနှင့် ပြစ်မှုဆိုင်ရာဥပဒေပြဋ္ဌာန်းချက် ပြစ်မှုပြစ်ဒဏ်များအား ဆွေးနွေးပြောကြားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပဆောင်ရွက် ပေးလျက်ရှိသည့် အဆိုပါ Talk Show ဆွေးနွေးပွဲများအား မိဘပြည်သူများအနေဖြင့် လေ့လာမှတ်သား သိရှိလိုပါက OnLine မှတဆင့် We love KyarinSeikkyi Facebook Page စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)