ကျိုက်လတ် မတ် ၂၄
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက Book Club နှင့် ပူးပေါင်း၍ "တပ်မတော်နေ့အကြောင်းသိကောင်းစရာ" Talk Show ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က Talk Show ကျင်းပပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် အငြိမ်းစား အလယ်တန်းပြဆရာမ ဒေါ်သန်းသန်းအေးက မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တို့က ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲ၍ သိမ်းယူခဲ့သဖြင့် မြန်မာနိုင်ငံသည် နယ်ချဲ့တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရကြောင်း၊ ထို့ကြောင့်သူ့ကျွန်ဘဝ လက်အောက်မှ လွတ်မြောက်နိုင်ရေးအတွက် မျိုးချစ်စိတ်ဓာတ်ပြင်းထန်သည့် ခေါင်းဆောင်များက နည်းလမ်းပေါင်းစုံအသုံးပြု၍ မြန်မာနိုင်ငံကို လွတ်လပ်ရေးပြန်လည်ရရှိအောင် စစ်ပညာများသင်ကြား၍ ကြိုးစားဆောင်ရွက်ခဲ့ကြကြောင်းနှင့် တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံများစသည့် တပ်မတော်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ယခုနှစ် ကျင်းပမည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ အကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေနှင့်ပြင်ပအသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ လစဥ်အွန်လိုင်းစနစ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲများကို စီစဉ်ကျင်းပဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဒေါ်ရီရီမြင့်
ကျိုက်လတ်(ပြန်/ဆက်)