ပွင့်ဖြူ မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးကြီးတွင် ပြုပြင်ဆောက်လုပ်ပြီးစီးသည့် အမှတ်(၂) ဈေးရုံ ဈေးဆိုင်ခန်းများ၌ ဈေးသူဈေးသားများ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်းချနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို မတ် ၂၃ ရက် နံနက် ၁၀ နာရီက မြို့မစည်ပင်သာယာ ဈေးအတွင်းရှိ ဈေးခေါင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ညှိနှိုင်းဆွေးနွေးရာတွင် ဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးရှိ ဈေးသူဈေးသားများ အဆင်ပြေစွာ ဈေးရောင်းဈေးဝယ် ပြုလုပ်နိုင်ရန်နှင့် ဈေးရုံအဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်စေရန်အတွက် ဈေးအတွင်းရှိ အမှတ်(၂)ဈေးရုံ အဆောက်အအုံအား Steel Structure ဈေးရုံ အဆောက်အအုံအဖြစ် ပြုပြင်ထိန်းသိမ်း တည်ဆောက် ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ဈေးရုံအဆောက်အအုံသစ် ပြုပြင်ထိန်းသိမ်းပြီးစီးသွားပြီဖြစ်၍ ဈေးသူဈေးသားများကို ဖွင့်လှစ်ရောင်းချနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဈေးသူ၊ ဈေးသားများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျ ဈေးရောင်းဈေးဝယ်ပြုလုပ်ကြစေလိုကြောင်းနှင့် တင်ပြဆွေးနွေးလိုသည်များရှိပါက ဆွေးနွေးနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြုပြင်တည်ဆောက်ပြီးစီးသည့် ဈေးရုံအဆောက်အအုံရှိ ဈေးဆိုင်းများ နေရာချထားပေးရေးလုပ်ငန်းများနှင့် ဈေးဆိုင်လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက်များ၊ ဈေးမီးဘေးလုံခြုံရေး လိုက်နာရမည့် အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လသည့် ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများက ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချ ရေးကိစ္စရပ်များနှင့် ဈေးရောင်းဈေးဝယ်ပြုလုပ်ရာ၌ လိုက်နာရမည့် စည်းကမ်းချက်များအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး ဈေးသူဈေးသားများ အဆင်ပြေစွာ ရောင်းချနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )