ကလိန်အောင် မတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့အတွင်းရှိ နွေရာသီကျောင်းပိတ်ရက် အားလပ်သောချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန် လူရွယ်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရန်အတွက် ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အိမ်တွင်းမှုလုပ်ငန်းပညာရပ်တစ်ခုဖြစ်သည့် ခေါင်းစည်းကွင်းပြုလုပ်နည်းသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကကလိန်အောင်မြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သင်တန်းတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒု-ဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်ဘဝတန်ဖိုးရှိသည့် အချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေနိုင်ရေးနှင့် လူငယ်ဘဝဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ယခုလိုမျိုး အသက်မွေးဝမ်းကျောင်း ပညာရပ်အသီးသီးများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းကို တက်ရောက်ကြသည့် သင်တန်းသား/သူများကိုလည်း မိမိတို့ဌာနမှ သင်ထောက်အကူပစ္စည်းများကို အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ယခုသင်တန်းပြီးစီးပါက လူငယ်များအတွက် အကျိုးရှိစေမည့် နောက်ထပ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရပ်များကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့်လည်း မပျက်မကွက်တက်ရောက်စေလိုကြောင်းပြောကြားသည်။
အဆိုပါသင်တန်းကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ကလိန်အောင်မြို့အတွင်းရှိ သင်တန်းသား/သူ လူငယ် (၁၃)ဦးအား တက်ရောက်ကာသင်တန်းနည်းပြဆရာမကခေါင်းစည်းကွင်း ပြုလုပ်နည်းအဆင့်ဆင့် ပြုလုပ်ပုံစံအမျိုးမျိုးကို လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)