မြို့သစ်မြို့တွင် အာလူးစျေးနှုန်းတစ်ပိဿာ (၂၈၀၀)ကျပ်ဖြင့် အတက်အကျမရှိ ရပ်တန့်နေ

မြို့သစ် မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည်စို က်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး မြို့နယ်အတွင်းမှ တောင်သူများသည် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် အာလူးကို အဓိကထားစိုက်ပျိုးခဲ့ရာ အာလူးစျေးနှုန်းများ အတက်အကျမရှိ ရပ်တန့်နေကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ကုန်စိမ်းအရောင်းအဝယ်ပြုလုပ်နေသူများထံက သိရသည်။

"အာလူးက မီးဖိုချောင်သုံး စားစရာရောင်းကုန်အဖြစ်နဲ့ အဓိက ရောင်းချရတာပါ။ စောစောပိုင်းက အာလူးဈေး ၅၀၀/၁၀၀၀ ဈေးကနေ တဖြည်းဖြည်း တက်လာကာ တစ်ပိဿာ ၃၅၀၀ ကျပ်ဈေးအထိ မြင့်တက်လာခဲ့တာကြောင့် အာလူးရောင်းချသူတွေ အတော်အဆင်ပြေခဲ့ပါတယ်။ အခုရာသီအကူးအပြောင်း အာလူးပေါ်ချိန်မှာ ယခင်နှစ်ကဈေးအတိုင်း လက်လီဈေးတစ်ပိဿာ ၂၈၀၀ စျေးအထိ ဈေးကျသွားတဲ့အတွက် အာလူးရောင်းချသူတွေအနေနဲ့ အရင်းရဖို့ကို အစွမ်းကုန်ကြိုးစားရောင်းချနေကြရပါတယ်"ဟုအာလူးရောင်းချသူတစ်ဦးက ပြောသည်။

မြို့သစ်မြို့နယ်အတွင်း ကျေးရွာအချို့တွင် အာလူးကို အဓိကထားစို က်ပျိုးသည့် ဒေသဖြစ်ပြီး ယခုမြို့သစ်မြို့ အာလူးဈေးကွက်မှာ လက်ကားဈေး တစ်ပိဿာလျှင် ၂၇၀၀ ကျပ်နှင့် လက်လီဈေး တစ်ပိဿာလျှင် ၂၈၀၀ ကျပ်ရောင်းချနေရကြောင်း သိရသည်။

"ဒီနှစ်ရာသီအခြားဟင်းသီးဟင်းရွက်ဈေးတွေ ဈေးအကုန် ပြန်တက်ခဲ့ပေမဲ့ အာလူးတစ်မျိုးတည်းသာ ကျပ် ၃၀၀၀ ကျော်စျေးကနေ ၂၇၀၀/၂၈၀၀ကျပ်ဈေးအထိ ကျသွားခဲ့တာပါ၊ အခုရက်ပိုင်းအာလူးဈေးက တန့်နေတော့ ဈေးတက်လာမလား ဈေးပြန်ကျသွားမလား စိုးတထိတ်ထိတ်ဖြစ်နေတာပေါ့"ဟု မြို့သစ်မြို့နယ်စည်ပင်သာယာစျေးအတွင်း စျေးရောင်းချနေသူတစ်ဦးက ဆက်လက်ပြောသည်။

နွေရာသီတွင် အပူရှိန်ပြင်းသောကြောင့် အပင်ဖြစ်ထွန်းမှု နည်းသကဲ့သို့ ပိုးမွှားကျရောက်မှုလည်း နည်းပါးပြီး၊ မိုးတွင်းကာလတွင် အပင်ငယ်အချိန်တွင် မှိုရောဂါကျရောက်ပြီး ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ရသူတွေရှိသဖြင့် အထူးဂရုစိုက်ပြီး မှိုရောဂါအတွက် ပိုးသတ်ဆေးဖျန်း အပင်ကြီးလာသောအခါတွင်လည်း ရွက်လိပ်ပိုးနှင့် မှိုရောဂါများ ကျရောက်တတ်တာကြောင့် အထူးဂရုပြု စိုက်ပျိုးရပြီး ဝါနေသော အရွက်များနှင့် လိပ်နေသော အရွက်များကို လှီးဖြတ်ပေးရကြောင်းလည်း အာလူးစိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။

သန်းဝင်းထွန်း(IPRD)