ထားဝယ် မတ် ၂၃
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးခိုးမြူငွေ့ညစ်ညမ်းခြင်းအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်တင့်က မီးခိုးမြူငွေ့သဘောသဘာဝအရ ပမာဏများပြားလာပါက တစ်နေရာမှတစ်နေရာ၊ တစ်နိုင်ငံမှအခြားတစ်နိုင်ငံသို့ အလွယ်တကူ ရွေ့လျားပျံ့နှံ့ခြင်းကြောင့် ညစ်ညမ်းမှုဖြစ်ပေါ်ပြီး လူသားများ၊ အပင်နှင့်တိရစ္ဆာန်များကို များစွာထိခိုက်စေခြင်းဖြစ်ကြောင်း၊ မီးခိုးမြူငွေ့နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်နှင့် သိရှိလိုက်နာနိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ခင်ခင်လဲ့က မီးခိုးမြူငွေ့ အမျိုးအစားနှင့်မီးခိုးမြူငွေ့ ညစ်ညမ်းမှုအကြောင်း၊ မီးခိုးမြူငွေ့ ဖြစ်ပေါ်လာရခြင်းအကြောင်းအရင်း၊ မီးခိုးမြူငွေ့ကြောင့် ဆိုးကျိုးများနှင့်ကာကွယ်နိုင်သော နည်းလမ်းများအကြောင်း၊ လျော့ချဆောင်ရွက်မည့်နည်းလမ်းများနှင့် မြန်မာနိုင်ငံမီးခိုးမြူငွေ့ညစ်ညမ်းမှုဆောင်ရွက်ချက်များ အကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ တွင် ထားဝယ်၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်များတွင် Fire Hotspot အရေအတွက် ပေါင်း(၄၆)ခု၊ ဖေဖော်ဝါရီလတွင် ထားဝယ်၊ ရေဖြူ၊ လောင်းလုံးမြို့နယ်များတွင် Fire Hotspot အရေအတွက် ပေါင်း(၅၇)ခု၊ မတ်လ(၁၂-၃-၂၀၂၃) ရက်နေ့အထိ Fire Hotspot အရေအတွက် ပေါင်း(၁၇၅)ခုရှိကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်တင့်က ရှင်းလင်း ဆွေးနွေးပြောကြားပေးပါသော ဒေါ်ခင်ခင်လဲ့ အား ကျေးဇူးတင်ရှိပါကြောင်းနှင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)