ဘားအံမြို့တွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်းဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံချက်ကျေးရွာများ၏ ရန်ပုံငွေလွှဲပြောင်းပေးအပ်

ဘားအံ  မတ်   ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ  တိုးတက်မြင့်မားလာ‌စေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် KOICA တို့ပူးပေါင်းဆောင်ရွက်သော စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်းအစီအစဉ်ဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စီမံချက်ကျေးရွာများ၏ ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က စွမ်းဆောင်ရည်မြှင့်တင်‌‌ရေး၊ လူနေမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝင်ငွေတိုးတက်ရရှိရေးအတွက် ရန်ပုံငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း၊ မိမိကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအားပိုမိုဆောင်ရွက်ကြစေလိုကြောင်းအဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်းက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးရွာသစ်လှုပ်ရှားမှုစီမံချက်ဖြင့် ဆောင်ရွက်မည့် ပျဉ်းကတိုးကုန်းကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစားလုပ်ငန်းများဆောင်ရွက်မည့် တောင်သူ (၅၂)ဦးအတွက် အတိုး(၁)ကျပ်နှုန်းဖြင့် စိုက်ပျိုးရေးစရိတ်ချေးငွေကျပ် (၁၁,၁၀၀,၀၀၀/-)၊ မွေးမြူရေးစရိတ်ချေးငွေကျပ် (၂,၇၀၀,၀၀၀/-)၊ အသေးစားချေးငွေကျပ် (၁,၀၅၀,၀၀၀/-)၊ စက်ကိရိယာ ချေးငွေကျပ် (၁,၅၉၄,၅၇၀)စုစုပေါင်း ‌ချေးငွေကျပ် (၁၆,၄၄၄,၅၇၀/-)အား ပြည်နယ်စီပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် တာဝန်ရှိသူများက တောင်သူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)