လပွတ္တာမြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

လပွတ္တာ မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍နွေရာသီ အခြေခံ အားကစားသင်တန်းများကို မတ်လ ၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ယ​နေ့နံနက် ၈ နာရီချိန်က သင်တန်းဆင်းပွဲ အခမ်းအနားကို ရဲတံခွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ရိုးရာခြင်းလုံး၊ ကရာတေး၊ မြန်မာ့သိုင်းတို့​ဖြင့် သရုပ်ပြသ ဖွင့်လှစ်ခဲ့​ပြီး လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရနှင့် ဌာနဆိုင်ရာများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး အားကစားသင်တန်းများတွင် အားကစားနည်းအလိုက် ထူးချွန်ဆု ရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ နွေရာသီ အားကစားသင်တန်းများကို ခရိုင်နှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မတ်လ ၆ ရက်နေ့မှ ၂၂ရက်နေ့ထိ အားကစားနည်း (၁၃)မျိုးကို နေသူရိန်အားကစားကွင်း၊ အ.ထ.က ၃၊ ရဲတံခွန်ခန်းမနှင့် သုံးမိုင်အ.ထ.ကကျောင်းတို့တွင် စနစ်တကျ သင်ကြားပို့ချပေးခဲ့ရာ သင်တန်းသား/သူ (၃၉၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်