ရေနံချောင်း အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေနှင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး အထူးရဲ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက နေရာသုံးနေရာခွဲ၍ ပြုလုပ်ခဲ့သည်။
မဲရုံလုံခြုံရေးအထူးရဲသင်တန်းကို သင်တန်းနည်းပြ(၁၂)ဦးက အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား ၁၅၉ ဦးတက်ရောက်လျက် ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံမှ သိရသည်။
အဆိုပါသင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ သင်တန်းသား ၁၅၉ ဦးကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂၁)အခြေခံပညာမူလတန်းကျောင်းတို့တွင် နေရာသုံး နေရာခွဲ၍ သင်တန်းပို့ချလျက်ရှိသည်။
သင်တန်းဖွင့်ပွဲတွင် ရေနံချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က မဲရုံလုံခြုံရေးအတွက် အထူးရဲများ ခန့်အပ်ရခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီဥက္ကဌ ဦးမန်ကိုဟောနှင့်တာဝန်ရှိသူများက သင်တန်းနည်းပြနှင့် သင်တန်း သားများအတွက် နှာခေါင်းစည်း(Mask) ၅၀ ခုပါ အထုပ်(၉)ထုပ်ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး