လွိုင်ကော် မတ် ၂၃
လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာန ဆိုင်ရာများပူးပေါင်းပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်း၊ နိုင်ငံရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား တွေ့ဆုံဟောပြော ဆွေးနွေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က လွိုင်ကော်မြို့၊ ဘာဒိုရပ်ကွက်ရှိ ခန်းမဆောင်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လွိုင်ကော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မိုးထွန်း က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံတော်၏လက်ရှိအခြေအနေ၊ ဒေသနေ ပြည်သူများ၏ ပညာရေး၊ ကျန်မာရေး၊လူမှုရေးစသည့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်းလာရောက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထုများမှလည်း မိမိတို့၏ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေး ပေးကြစေလိုကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ လိုအပ်ချက်အလိုက် ပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးကျော်က နိုင်ငံရေးဖြစ်စဉ်အဆင့်ဆင့် ပြောင်းလဲလာမှု အခြေအနေများကိုလည်းကောင်း၊ စစ်ကြောင်းကြီး (၅)ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူတို့က မိမိတို့ဌာနအလိုက် ပြည်သူလူထုနှင့်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အကြောင်းအရာများအားလည်းကောင်း အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများအား ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာ ဌာနများအလိုက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)