ရေနံချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ရေနံချောင်း မတ် ၂၃

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းကို ယမန်နေ့က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ခန်းမအတွင်း(သို့မဟုတ်)အပြင် အခမ်းအနားများ၊ အစည်းအဝေးများ၊ ညီလာခံဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများ၊ သင်တန်းဖွင့်ပွဲ/ဆင်းပွဲ စသည့်အခမ်းအနားများတွင် လူငယ်လူရွယ်များအနေနဲ့ ဦးဆောင်သူအခမ်းအနားမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းဆရာမ ဒေါ်ဆွေဇင်ဟန်က အခမ်းအနားမှူးတစ်ဦးတွင်ရှိရမည့် အဓိကအရည်အချင်းများ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှု၊ အခမ်းအနားမှူး သတိထားရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်များ၊ အသံပိုင်းဆိုင်ရာ၊ သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ အမည်နှင့် တာဝန်၊ ရာထူးနေရာများကို မှားယွင်းမှုမရှိစေရန် သတိထားပြောဆိုခြင်း၊ အခမ်းအနားမှူး၏ အဓိကလိုအပ်ချက်ဖြစ်သည့် ဖြတ်ထိုးဉာဏ်ကောင်းခြင်းပြောင်းလဲလာသည့် အခြေအနေနှင့်ဆီလျော်အောင် ဆောင်ရွက်တတ်ခြင်း၊ မြန်မာစာ မြန်မာစကားအသုံးအနှုန်းများ စသည့်အခမ်းအနားမှူးနှင့် ပတ်သက်သည့်အကြောင်းအရာများကို သင်ကြားပို့ချခဲ့သည်။

အဆိုပါ အခမ်းအနားမှူးသင်တန်းကို မတ် ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိ သင်တန်းကာလနှစ်ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး စိတ်ပါဝင်စားသည့် သင်တန်းသားသင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)