မယ်စဲ့ မတ် ၂၃
မတ်လ(၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာရုံးများအား လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်နေသည့် မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍကို ပြည်သူလူထု ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏အား(၁၀)ပါး၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်များပါဝင်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)