ကလေး မတ်၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်း မြို့မဓမ္မဗိမာန်တော်ကြီးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ သာသနာရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အစိုးရဓမ္မစရိယစာမေးပွဲ၏ ကျမ်းရင်းသီလက္ခန္ဓပါဠိအဋ္ဌကထာ(၁) ဘာသာရပ်ကို မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ အစိုးဓမ္မာစရိယစာမေးပွဲကို ဖြေဆိုရန်အတွက် ရဟန်း ၈၀ ပါး၊ သာမဏေ ၆ ပါး၊ သီလရှင် ၁၀ ပါး၊ လူ ၁ ဦးစုစုပေါင်း ၉၇ပါးနှင့်လူ ၁ ဦး စာရင်းပေးသွင်းခဲ့ရာတွင် စာမေးပွဲဖြေဆိုရာသို့ ရဟန်း ၇၀ ပါး၊ သာမဏေ ၆ ပါး၊ သီလရှင် ၁၀ ပါး၊ လူ ၁ ဦး စုစုပေါင်း ၈၆ ပါးနှင့် လူ ၁ ဦး လာရောက် ဖြေဆိုခဲ့ကြပြီး အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို ဧပြီလ ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေး ဦးစီးဌာနမှသိရသည်။
စာမေးပွဲဖြေဆိုကြသည့် သံဃာတော်များနှင့် သီလရှင်များ အေးချမ်းစွာ သာယာစွာ ဖြေဆိုနိုင်စေရန်အတွက် ထေရ်ကြီးဝါကြီးဆရာတော်များမှ အနီးကပ်ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိပြီး သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများ၊ စေတနာရှင်များက ဆွမ်းဘောဇဉ်နှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)