ကန့်ဘလူမြို့၌ ခရိုင်အဆင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်းဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်း ဆက်လက်သင်ကြားလျက်ရှိ

ကန့်ဘလူ မတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းကို ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ တတိယနေ့အဖြစ် (မတ် ၂၃) ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖွင့်လှစ်ရာတွင် ဘာသာရပ်ဆိုင်ရာအလိုက် သင်ကြားနေကြသော ဆရာ ဆရာမများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားသင်ယူမှုစွမ်းရည်များ မြင့်မားတိုးတက်ရေး၊ သင်ကြားသင်ယူမှု နှီးနှောဖလှယ်ခြင်း၊ အသိပညာ အတတ်ပညာများမျှဝေခြင်း၊ ဆွေးနွေးအဖြေရှာခြင်းများ ဆောင်ရွက်နိုင်စေရန် ဘာသာရပ်အလိုက် အခန်းပေါင်း ၂၃ ခန်းတွင် ဆွေးနွေးသင်ကြားပို့ချလျက်ရှိသည်။

အဆိုပါသင်တန်းသို့ ကန့်ဘလူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းဆင့်တွင် နည်းပြနှင့်ဆရာ ဆရာမ ၁၃၉ ဦး၊ အလယ်တန်းဆင့်တွင် နည်းပြနှင့်ဆရာ ဆရာမ ၅၃၅ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလ မတ် ၂၁ ရက်မှ ၂၄ ရက်အထိ ၄ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)