စုကလိ မတ် ၂၃
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့တွင် အမျိုးသမီးများအကြမ်းဖက်ခံရမှုပုံစံအမျိုးမျိုးအကြောင်း၊ အကြမ်းဖက်ခံရမှုဆိုသည်မှာဘာလဲ၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်ခံရမှု ဖြစ်ပေါ်လာပါက ရင်ဆိုင်နိုင်တတ်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့ပြည်သူ့စာကြည့်တိုက် Community center တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ အငယ်တန်းစာရေး(အင်အားပြ) ဒေါ်စိုးမို့မို့ဌေးက အကြမ်းဖက်ခံရမှုများထဲတွင် အမျိုးသမီးများအားရိုက်နှက်ခြင်း၊ ဒဏ်ရာရအောင်လုပ်ခြင်းများသည် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပင်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုလုပ်ခြင်း ဖြစ်မြောက်အောင် ကြံစည်အားထုတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကြမ်းဖက်ခံရမှုဖြစ်ကြောင်း၊ အမျိုးသမီးများအား ချုပ်ချယ်ခြင်း၊ တားဆီးခြင်း၊ အခွင့်အရေးများကို အသိအမှတ်မပြုဘဲ ထိန်းချုပ်ထားခြင်းများသည် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများပင်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဦးကိုကိုအောင်က အကြမ်းဖက်မှုဟူသည် အမျိုးသမီးများ အပေါ်တွင် အများဆုံးဖြစ်ပေါ်လျက်ရှိပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အန္တရာယ်ကျရောက်စေနိုင်သော မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ရည်ညွှန်းခြင်းဖြစ်သည်။ အကြမ်းဖက်မှုကို မိသားစုအတွင်း ဖြစ်ပေါ်စေသည့် အကြမ်းဖက်မှုနှင့် လူမှုအသိုက်အဝန်းကြားတွင် ဖြစ်ပေါ်စေသည့် အကြမ်းဖက်မှုဟူ၍ ခွဲခြားနိုင်ကြောင်း ဆွေးနွေးပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ အသိပညာပေး Talk show များအား အပတ်စဉ် တင်ဆက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ပိုပိုအောင်