ဗန်းမောက် ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် နားနန့်ထွန်ကျေးရွာအုပ်စု နန့်ကျဉ်ကျေးရွာ အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာ၌ ကိုယ့်အားကိုကိုး ရေအားလျှပ်စစ်ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဗန်းမောက်မြို့နှင့် မိုင် ၅၀ ခန့် ကွာဝေးသော နန့်ကျဉ်ကျေးရွာတွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိနိုင်ရေးအတွက် လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများက သိန်း ၁၀၀ ကျော် အကုန်ကျခံကာ ဆောင်ရွက်နေပါတယ်။ ဒေသခံပြည်သူများက လုပ်အားဒါနများ၊ လျှပ်စစ်ပညာရှင်များကိုလည်း မြို့နယ်မှ တာဝန်ရှိသူများနှင့်ချိတ်ဆက်၍ ဆောင်ရွက်နေပါတယ်။ ရေအားကောင်းလျှင် နားနန့်ထွန်တစ်အုပ်စုလုံးကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည်ဟု မံအင်မံကျည်းကုန်း ဆရာတော်က မိန့်ကြားသည်။
နားနန့်ထွန်ကျေးရွာအုပ်စု နန့်ကျဉ်ကျေးရွာသည် အိမ်ခြေ ၆၇ အိမ်၊ လူဦး ရေ ၃၂၅ ဦးရှိပြီး၊ တစ်အုပ်စုလုံးရှိ အိမ်ခြေ ၄၂၅ အိမ်နှင့် လူဦးရေ ၂၈၁၆ ဦးတို့အတွက် ကိုယ့်အားကိုကိုး ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက ပညာရေး၊ ကျန်းမာရေး၊ လူနေမှုဘဝဖွံဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)