ကျွန်းစု မတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် မူလတန်းကြိုကျောင်းတွင် (၂.၅.၂၀၂၂)မှ (၃၁.၃.၂၀၂၃) ရက်နေ့အထိ မူလတန်းကြို ပညာသင်ယူပြီးသော သားငယ်၊ သမီးငယ်လေးများအား ကျောင်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရှိ မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထိုနောက် မူလတန်းကြို ပညာသင်ယူပြီးသော သားငယ်၊ သမီးငယ်လေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက ကျောင်းပြီးမြောက်ကြောင်း လက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကာ အဖွဲ့လိုက် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ အတန်းခွဲ(ဘီ)မှ သားငယ်၊ သမီးငယ်လေးများက “ပလပ်စတစ်ရုပ်၊ တောဂေါ်လီ၊ ပန်းတိုင်ကိုယ်စီ၊ ဆွမ်းအုပ်နီနီ” သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး အတန်းခွဲ(အေ)မှ သားငယ်၊ သမီးငယ်လေးများက “ရုန်းတော်လွှတ်တော်၊ ကော်လံပေါ်ကနှုတ်ခမ်းနီ၊ မနှင်းဆီအငြိမ့်၊ ချစ်လိုက်တော့ ဝမ်း တူး သရီး၊ ဦးရွှေရိုးနှင့်ဒေါ်မိုး” သီချင်းတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ကျွန်းစု(ပြန်/ဆက်)