ပေါင်းတည် မတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြှိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြှိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးနှင့် သက်ကြီးပူဇော်ပွဲကျင်းပနိုင်ရေးတို့နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မဏ္ဍပ်တည်ဆောက်ရေး၊ ရေရရှိရေး၊ ဖျော်ဖြေရေး၊ ရန်ပုံငွေရှာဖွေရေး၊ ဧည့်ခံရေး၊ လုံခြုံရေးနှင့်သတင်းထုတ်ပြန်ရေးဆပ်ကော်မတီများမှ တာဝန်ခံဌာနဆိုင်ရာ ဝန်ထမ်းအကြီးအကဲများက ဆောင်ရွက်ရမည့် အခြေအနေများနှင့် လိုအပ်ချက်များကိုပြန်လည် တင်ပြဆွေးနွေးကြသည်။ ထိုသို့ဆွေးနွေးတင်ပြချက်အပေါ် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး သင်္ကြန်ယိမ်း ၆ ယိမ်းနှင့်အတူ အဆိုတေးသံရှင်များ၊ တေးဂီတအဖွဲ့နှင့် သက်ကြီးပူဇော်ပွဲ၊ လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာအစည်းကို နံနက် ၁၁ နာရီတွင် ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးဆပ်ကော်မတီဝင်များ၊ မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများစုစုပေါင်း ၅၄ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)