မြို့သစ် မတ် ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မိဘပြည်သူများသိရှိရမည့် အကြောင်းအရာများအား သိရှိစေရန်အတွက် ယမန်နေ့ညနေက မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့သည်။
ထို့သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ရာ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ယခုအခါ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူများ၊ က လေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံ ရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသောစည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ထားရှိကြရန်နှင့် မော်တော်ယာဉ်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဌာနဆိုင်ရာ ရုံးအဆောက်အဦများနေရာများ၌ မီးဘေးကြိုတင်ကာကွယ်ရန်အတွက်ထားရှိရန်လိုအပ်သော မီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်လှေကားနှင့် မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်း၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ကြပါရန် အများပြည်သူ့များသိရှိနိုင်ရေး အသိပေးလှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (IPRD)