တောင်ငူ မတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ မြို့မအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ တောင်ငူခရိုင်ရဲတပ်ဖွဲ့နှင့် ခရိုင်ပညာရေးမှူရုံးတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီအချိန်က (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်ရမည့် ဆောင်ပုဒ်များမှာ “မူးယစ်ဆေးရန် တို့တွန်းလှန် ကြိုးစားတိုက်ဖျက် နိုင်ငံအတွက်”၊ “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင်၊ သာယာလှပလူမှုဘဝ”၊ “ငါတို့ရဲ့အနာဂတ် သာယာလှပဖို့၊ မူးယစ်ကင်းစင်ကမ္ဘာဖန်တီးစို့”၊ “မျိုးဆက်သစ်များ တိုးတက်ဖို့၊ မူးယစ်မှန်သမျှတိုက်ဖျက်ကြ”၊ “ လူသားချင်းစာနာကျန်းမာဖို့ စိန်ခေါ်မူးယစ်ဆေးတိုက်ဖျက်စို့” စသည့်ဆောင်ပုဒ်များဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို တောင်ငူခရိုင်အခြေခံကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့် မူလတန်းဆင့် ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ပန်းချီပြိုင်ပွဲတွင် (၈၅)ဦး၊ ကာတွန်းပြိုင်ပွဲတွင် (၂၆)ဦး၊ ပိုစတာပြိုင်ပွဲတွင် (၃၃)ဦး၊ စုစုပေါင်း(၁၄၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရပြီး အဆိုပါပြိုင်ပွဲကျင်းပရာသို့ တောင်ငူခရိုင်တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွန့်၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ လာရောက်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)