ဇီးကုန်း အောက်တိုဘာ ၁
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးအင်အားတိုးမြှင့် ချထားနိုင်ရေးအတွက် ခန့်အပ်ထားရှိသော ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းပေးခြင်းအား ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် အောက်တိုဘာ ၁ ရက်နေ့နံနက် ၈ နာရီက မြို့မ အ.ထ.က ကျောင်းဝန်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းထွန်း တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။ ဇီးကုန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲအင်အား (၅၅)ဦးခန့်အပ်ထားရှိပြီး၊ အထူးရဲများအား မြို့နယ်ခန်းမ၊ မြို့မ အ.ထ.က ကျောင်းနှင့် လေးမျက်နှာ ရဲစခန်းတို့၌ နေရာများခွဲ၍ သင်တန်းပို့ချပေးသွားမည်ဖြစ်သည်။ သင်တန်း ကာလမှာ ၁-၁၀-၂၀၂၀ ရက်နေ့မှ ၂၈-၁၀-၂၀၂၀ ရက်နေ့အထိ ရွေးကောက်ပွဲဆိုင်ရာ ဘာသာရပ်များနှင့် လုပ်ငန်းတာဝန်များအား ပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ငွေကျပ် တစ်သိန်းနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ နှာခေါင်းစည်း(၂၀)ဘူး၊ လက်အိတ်(၁)ဘူးတို့အား လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)