စစ်ကိုင်း မတ် ၂၃
စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ သီးနှံများအထွက်တိုးစေရန် ရေနည်းကာလ ရေသိုလှောင် စုဆောင်ခြင်းနှင့် ရေချွေတာစိုက်နည်းစနစ်များ သရုပ်ပြပွဲနှင့် တောင်သူပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်၊ အဖွဲ့ဝင်(၂) ဦးတိုးဝေတို့က တောင်သူများ အနေဖြင့် နည်းပညာပေးသင်တန်းမှ ရရှိလာသည့် ပညာရပ်များဖြင့် လက်တွေ့အသုံးပြု ဆောင်ရွက်သွားကြစေလို ကြောင်းဖြင့် လမ်းညွှန်အမှာစကားများ ဆွေးနွေးပေးခဲ့ကြပြီး ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာလွင်က စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိုးနည်းကာလမှာ မိုးရေများရရှိအောင် ရေစုကန်များ ဆောင်ရွက်ထားကြပြီး စိုက်ပျိုးရေးအတွက် ရေကိုချွေတာ အသုံးပြု ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေးကာ ရေစုကန်ငယ် ဆောင်ရွက်ထားရှိပုံတို့ကို လက်တွေ့သရုပ်ပြသ ဆွေးနွေးပေးခဲ့၍ သင်တန်းအား ဆက်လက်ပို့ချပေးခဲ့ ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ဇော်မြင့်နိုင်