ကံမ မတ်၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ နေ့လယ် (၂)နာရီက အင်းဘဲကျေးရွာအုပ်စု ညောင်တန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲလင်းထွန်းနှင့် အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အား ပြောကြားခဲ့ပြီး ဌာန ဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှု အခြေအနေ များအားပြောကြားကြပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံဖြိုရေးဆိုင်ရာ ဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းများကို တင်ပြဆွေးနွေးရာသက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ် ဦးစီးမှုးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)