ကန့်ဘလူမြို့နယ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နွေရာသီ အခြေခံအားကစားနည်း သင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေး

ကန့်ဘလူ မတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားနည်းများကို မတ် ၂၀ ရက်နေ့မှ စတင်ကာ အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အားကစားနည်းသင်တန်းများတွင် အေရိုးဗစ်သင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးဌာနရုံးတွင်လည်းကောင်း၊ ဘောလုံးအားကစားနည်းကို မြို့မဘောလုံး အားကစားကွင်း၌လည်းကောင်း ကျွမ်းကျင်နည်းပြများက စနစ်တကျ သင်ကြားပေးလျက်ရှိပြီး စားပွဲတင်တင်းနစ်အားကစားနည်းကို မတ် ၂၄ ရက်တွင် မိုးလုံလေလုံအားကစားရုံ၌ ဆက်လက် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် ယင်းသင်တန်းများအား ဧပြီ ၄ ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ခံ ဒေါ်ငွေဆွေတာရာထံမှ သိရသည်။

ထို့ပြင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှလည်း နွေရာသီ အခြေခံ အားကစားနည်းများဖြစ်သော ဖူဆယ်ဘောလုံး၊ ကြက်တောင်အားကစားနည်းများကို မတ် ၁၃ ရက်က စတင်သင်ကြားပေးလျက်ရှိပြီး ပိုက်ကျော်ခြင်းအားကစားနည်းသင်တန်းအား ဆက်လက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ အားကစားနည်းသင်တန်းများကို ဧပြီ ၇ ရက်နေ့အထိ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးအောင်မြင့်မြတ်ထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)