ဝါးခယ်မ မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစ၍ ဝါးခယ်မမြို့နယ်၊ သီလှချောင်းကျေးရွာနှင့် ကျုံလတာကျေးရွာတို့တွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဇော်နိုင်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီမှူး ဦးဇော်မိုးနောင်နှင့်အဖွဲ့ဝင်များ ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်းမှ တာဝန်ရှိသူများက ၎င်းကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးအစီအမံများ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ၊ အခြေခံလူဦးရေစာရင်းများ တိကျမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ၊ ကျေးရွာနေပြည်သူများ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များအား အသိပေးဆွေးနွေးကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်းပါဝင်ရန်လိုအပ်မှုအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများမှ လိုအပ်သောတင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)