ဖျာပုံမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ဖျာပုံ မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ​ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က "လူငယ်နှင့်စာပေ" ခေါင်းစဥ်ဖြင့် ဆွေးနွေးရာတွင် ယနေ့လူငယ်များ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်၊ မှန်ကန်တဲ့အသိ၊ မှန်ကန်တဲ့အတွေးအခေါ် အယူအဆများ ရရှိစေရန်နှင့် ဆုံးဖြတ်ချက်များ မှန်ကန်လာစေရန် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြဖို့လိုကြောင်း၊ ယနေ့လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်" အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပြီး၊ ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်စုမြတ်သဲက ဆွေးနွေးရာတွင် လူငယ်များ ကျန်းမာရေးနှင့်ပတ်သက်၍ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ရန်လိုကြောင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို စနစ်တကျ ပြုလုပ်မှသာ ကျန်းမာသန်စွမ်းနိုင်ကြောင်း၊ အစားအသောက်၊ အနေအထိုင်ဆင်ခြင်ပြီး တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ရန်လိုကြောင်းနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ပြောကြားသည်။ ထို့နောက် ဖျာပုံခရိုင် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)