ဒေးဒရဲ မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲအခမ်း အနားကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်မာ့သိုင်းနှင့် လက်ဝှေ့သင်တန်းသား၊ သင်တန်းသူများက သရုပ်ဖော်ပြသခဲ့ကြပြီး ဘောလုံးအားကစားနည်း၊ (Ground) တင်းနစ် အားကစားနည်း၊ လက်ဝှေ့၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းနှင့် ပိုက်ကျော်ခြင်းအားကစားနည်းများတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ နွေရာသီအခြေခံအားကစား သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၇၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ ၂၀၂၃ ခုနှစ်၊ မတ်လ(၆)ရက်နေ့မှ (၂၁) ရက်နေ့ထိ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက သိရသည်။
အေဇာလင်း