ဟားခါးမြို့၌ ၂၀၂၂ ခုနှစ်၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ဟားခါး မတ် ၂၂

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ၂၀၂၂ ခုနှစ်၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်မှတ်ပုံတင်ရေး အဖွဲ့၊ ဥက္ကဋ္ဌ (ကိုယ်စား)၊ အတွင်းရေးမှူး ဦးထွန်းသိန်း နှင့် ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့ဝင်များ၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တွင်းအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် အသင်းတာဝန်ခံများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား) အတွင်းရေးမှူး ဦးထွန်းသိန်းက ယနေ့ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေ အမှတ် (၄၆/၂၀၂၂) ဖြင့် ၂၈−၁၀၂၀၂၂ နေ့ရက်တွင် ထုတ်ပြန်ခဲ့သည့် အသင်းအဖွဲ့များအနေဖြင့် သိရှိ လိုက်နာဆောင်ရွက်နိုင်ရန်နှင့် အကျိုးအမြတ်မယူသော လူမှုရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် NGO/ INGO ကဲ့သို့ အသင်းအဖွဲ့များ၏ အားကိုယူ၍ ဆောင်ရွက်ရပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် အချို့ INGO များသည် လူမှုရေးလုပ်ငန်းများတွင် အထောက်အပံ့များကို  ပြည်သူများထံသို့ တိုက်ရိုက် ရောက်ရှိရန် လိုအပ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ယခင် ကျင့်သုံးခဲ့သည့် ၂၀၁၄ ခုနှစ်၊ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို အခြေခံ၍ ရေးဆွဲထားခြင်း ဖြစ်ပြီး ထူးခြားချက်အနေဖြင့် မဖြစ်မနေ မှတ်ပုံတင်ခြင်း စနစ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အသင်းအဖွဲ့များ အနေဖြင့် လူမှုရေး လုပ်ငန်းများ ဆောင်ရွက်မည် ဆိုပါက မှတ်ပုံတင်လျှောက်ထားစေလိုပါကြောင်း၊ လိုအပ်သည့်အချက်များအား ဌာနမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေးမှလွဲ၍ မည်သည့် အခကြေးငွေ မျှပေးရန်မလိုအပ်ပါကြောင်း၊ ယခုဥပဒေအသစ်တွင် ဥပဒေနှင့်မညီသည့် လုပ်ဆောင်ချက်များအတွက် စီမံခန့်ခွဲရေး နည်းလမ်းဖြင့် အရေးယူရန်နှင့် တရားစွဲခြင်းဖြင့် အရေးယူရန် နည်းလမ်းများကို ထည့်သွင်းထားရှိသည့်အတွက် အသင်းအဖွဲ့များအနေဖြင့် ဥပဒေတွင်ပါရှိသည့် စည်းကမ်းချက်များကို တိတိကျကျလိုက်နာရန် လိုအပ်ပါကြောင်းနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အသင်းအဖွဲ့များ အနေနှင့် လည်း တာဝန်ရှိသူများ၏ ဆွေးနွေးချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြရန် ဖိတ်ခေါ်အပ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက ၂၀၂၂ ခုနှစ်၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို  Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအေးက ပရဟိတ အဖွဲ့အစည်း များကို စည်းမျဉ်းကြီးကြပ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးကြပြီး ဆွေးနွေးမေးမြန်းမှုများအပေါ် ပြည်နယ် မှတ်ပုံတင်ရေး အဖွဲ့၊ အတွင်းရေးမှူုးနှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးခဲ့သည်။

ထို့နောက် ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)