ဘိုကလေးမြို့နယ်တွင် မီးဘေးတားဆီးကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ဘိုကလေး မတ် ၂၂

ယခုအချိန်အခါသည် ပူပြင်းခြောက်သွေ့သော နွေဦးရာသီဖြစ်သည့်အတွက် ဒေသအတွင်းမီးလောင်ကျွမ်းမှုဖြစ်စဉ်များ မဖြစ်ပွားစေရန် ယနေ့နံနက် (၁၀) နာရီ အချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းကာ မြို့နယ်အတွင်း လူစည်ကားရာအရပ်များ၌ မီးဘေးတားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆောင်ရွက်ရာတွင် မြို့နယ်ဘောလုံးကွင်းထောင့်နှင့် ဧရာဝတီသင်္ဘောဆိပ်၊ မြို့မဈေးကြီးအနီး၌ မီးသတိပြုရေး ဆိုင်းဘုတ်များစိုက်ထူ၍ မီးဘေးတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြသည်။

ထို့အပြင် အဆိုပါပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ လူနေအိမ်များသို့သွားရောက်ကာ မီးအသုံးပြုနေမှုအခြေအနေများ၊ လျှပ်စစ်မီးသွယ်တန်းသုံးစွဲထားရှိမှုအခြေအနေများ စစ်ဆေးကြပ်မတ်ခဲ့ပြီး မီးဘေးတားဆီးကာကွယ်ရေးဆိုင်ရာများနှင့် မီးလောင်ကျွမ်းမှု မဖြစ်ပွားစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးခဲ့ကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)