ဒေးဒရဲ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင် စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၃)နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာမ ဒေါက်တာ လဲ့လဲ့ဝင်း (ဒဿနိကဗေဒ) ရေးသားသည့် “တွေးဖို့ ဘာကြောင့်လိုတာလဲ” စာအုပ်ပါ ပြုစုပျိုးထောင်သင့်တဲ့အရာတွေ ဆောင်းပါးနှင့် တန်ဖိုး၊ အမူအကျင့်နှင့် ပညာ ဆောင်းပါးများကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင် များနှင့် တက်ရောက်လာသည့် စာပေချစ်သူများက အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ရာ လူသားတိုင်း တွင် လူတစ်ဦး တစ်ယောက်ချင်းမှာပင် ပင်ကိုအရည်အချင်း၊ ရည်မှန်းချက်ခိုင်မာမှု၊ ဝီရိယ စိုက်ထုတ်မှုစတဲ့ အောင်မြင်မှုရဲ့ အခြေခံ သဘောတွေက တစ်ပြေးညီ ညှိယူလို့ရတာမျိုး မဟုတ်ကြောင်း၊ လူမှန်နေရာမှန်ရွေးချယ်ခြင်းဆိုတဲ့ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု ကိစ္စရပ်တွေမှာ Equity ဆိုတဲ့ သဘောက ပိုမိုထိရောက် ပါကြောင်း အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုတိုးပွားလာစေရေး စာဖတ်ဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများ၊ Talk Show များ၊ ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ ငှားရမ်း ပေးခြင်းများကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း