ဘိုကလေး အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများအား ဒုတိယ အကြိမ်အဖြစ် ယနေ့မှ စ၍ ကြေငြာကပ်ထားပေးသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများအား ယနေ့အောက်တိုဘာ (၁)ရက်နေ့မှ စတင်၍ အောက်တိုဘာ (၁၄)ရက်ထိ ကြေငြာကပ်ထား ပေးမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြေငြာထားရှိသည့် အမည်စာရင်းများတွင် မိမိတို့၏ အမည်စာရင်းများ ပါရှိ/မရှိကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကြည့်ရှုနိုင်ကြောင်း၊ မပါရှိပါက ပုံစံ(၃)ဖြင့် မိမိတို့၏အမည်စာရင်း ထည့်သွင်းပေးနိုင်ရန် တောင်းဆိုနိုင်ကြောင်း၊ မပါဝင်သင့်သည့်သူများ ပါရှိနေပါကလည်း ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများ၏ အချက်အလက်များ မှားယွင်းနေပါကလည်း ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းနိုင်ကြောင်း ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များထံမှ သိရသည်။
မဲဆန္ဒရှင်များ၏ အမည်စာရင်းဖြည့်စွက် တင်သွင်းခြင်း၊ ကန့်ကွက်ခြင်း၊ အချက်အလက် ပြင်ဆင်ခြင်း လုပ်ငန်းများအား သက်ဆိုင်ရာမှ သတ်မှတ်ကာလ (၁၄)ရက်အတွင်း ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဘိုကလေးမြို့နယ် မြို့ပေါ်ရပ်ကွက်(၁၀)ခုနှင့် ကျေးရွာအုပ်စု (၇၆)အုပ်စုတို့တွင် မဲရုံပေါင်း (၃၆၁)ရုံ ထားရှိသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မိုးစက်(ဘိုကလေး)