ပခုက္ကူ မတ် ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ပခုက္ကူ)၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုကာလတိုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး မုန့်မျိုးစုံ ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယခုလ ၁၆ ရက်မှ စတင်ပြီး ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။
ယင်းသင်တန်းတွင် ပခုက္ကူခရိုင်နှင့်မြို့နယ်အတွင်းက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော ကျေးလက်နေပြည်သူ (သင်တန်းသား/သူ) ၂၀ဦး တက်ရောက်ကြပြီး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြများက “Plane Cake၊ Birthday Cake၊ Butter Cake၊ Chiffon Cake၊ Fruit Cake၊ Cheese Cake၊ Chocolate Gana နှင့် Strawberry Gana ပြုလုပ်နည်းများ၊ Donut အမျိုးမျိုးပြုလုပ်နည်း၊ ကိတ်ခြောက်နှင့် ကွတ်ကီးအမျိုးမျိုးပြုလုပ်နည်း၊ နံကထိုင်ပြုလုပ်နည်း၊ Quality Control and Packaging အကြောင်း၊ စားသုံးကုန်တွင်အသုံးပြုသော ဓာတုပစ္စည်းများအကြောင်း၊ အစားအသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် လိုက်နာရမည့် GMPနှင့်GHP အကြောင်း” စသည့် မုန့်မျိုးစုံထုတ်လုပ်မှုနည်းပညာသင်တန်းကို စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းစီဖြင့် ၂၀၂၃ခုနှစ်၊ မတ်လ ၁၆ ရက်မှ ၂၂ ရက်နေ့အထိ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက ပြောပြသည်။
အသက်မွေးဝမ်းကျောင်းအထောက်ကူပြုပညာရပ်များဖွင့်လှစ်သင်ကြားပေးခြင်းကြောင့် ကျေးလက်ဒေသရှိ ပြည်သူများအနေဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ကာ မိမိဘဝ၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် လက်တွေ့ကျကျ ပါဝင်ဆောင်ရွက်နိုင်ရေး၊ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ တစ်ဦးချင်း ဝင်ငွေတိုးပွားခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရေး၊ တတ်မြောက်ထားသော အတတ်ပညာရပ်များကို မှန်ကန်စွာ အသုံးချ၍ မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ သမာအာဇီဝကျစွာ ရှာဖွေနိုင်ရေးစသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်းပညာရပ် ခြောက်လသင်တန်းများအပြင် အခြေခံစားသောက်ကုန်သင်တန်း၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ရက်ကန်းပညာရပ်ဆိုင်ရာ အခေါ်အဝေါ်၊ အကိုင်အတွယ်၊ အတွက်အချက်များမှ စတင်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ဆွဲတတ်၊ ချုပ်တတ်သော အဆင့်ရောက်သည်အထိ နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများကို စရိတ်ငြိမ်းဖြင့် စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းပြီးဆုံးပါက သင်တန်းထူးချွန်ဆုရရှိသူများအား ရက်ကန်းပညာရပ်များဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး ရက်ကန်းစင်တစ်စုံစီ ဆုချီးမြှင့်ပေးအပ်ခြင်း၊ အခြားစားသုံးကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ပြီးဆုံးသူများအား သင်တန်းဆင်းလက်မှတ်နှင့် အထောက်အကူပြုပစ္စည်းနှင့် နည်းပညာများပံ့ပိုးကူညီခြင်းခြင်း၊ ဌာနတွင်းနှင့် စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်အကိုင်များ ရရှိရေး ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)