ကြံခင်း မြို့နယ် "အောင်ဓမ္မသိဒ္ဓိ ပြည်လုံးအေးစေတီတော်မြတ်ကြီး" ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့်ရတနာ ရွှေထီးတော်တင်လှူပွဲအခမ်းအနားကျင်းပ

 ကြံခင်း မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်နယ်လုံးဆိုင်ရာ "အောင်ဓမ္မသိဒ္ဓိပြည်လုံး အေးစေတီတော်မြတ်ကြီး"တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း (၁) ရက်နေ့ ယမန်နေ့နံနက် (၆) နာရီအချိန်က ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ရတနာရွှေထီးတော်တင်လှူခြင်း မင်္ဂလာအခမ်းအနားကို ကြံခင်းမြို့ "အောင်ဓမ္မသိဒ္ဓိ ပြည်လုံးအေးစေတီတော်" ဘုရားဝန်းအတွင်း ကျင်းပခဲ့သည်။

အခမ်းအနားကို "နမောတဿ"သုံးကြိမ် ဘုရားကန်တော့ဖွင့်လှစ်ပြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌရွှေညောင်ပင် ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝါယမ ဆရာတော်ထံမှငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ အလှူ့ရှင် (ဦးဘချင်း+ဒေါ်တင်တင်) (Mother သောက်ရည်သန့်မိသားစု) မှ ရွှေထီးတော်သစ်တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့်ရွှေထီးတော်ဘုံအဆင့်ဆင့်များအား သံဃာတော်အရှင်သူမြတ်တို့ကို လှူဒါန်းခဲ့ပြီး လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် မင်္ဂလာအချိန်တွင် ရတနာရွှေထီးတော်သစ်တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ထီးတော်ဘုံအဆင့်ဆင့်ကိုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဒေသခံပြည်သူများမှ"အောင်ဓမ္မသိဒ္ဓိ ပြည်လုံးအေးစေတီတော်မြတ်ကြီး" ရင်ပြင်တော်တွင် လက်ယာရစ် သုံးပတ်လှည့်လည် ပူဇော်ခဲ့ပြီး မင်္ဂလာရထားပျံ စင်မြင့်ထက်သို့ ပင့်ဆောင်ပူဇော်ကာ ဦးဝင်းရီ၏ (ဏေဠ) ထီးတော်တင်အဖွဲ့မှ ရတနာသုံးပါးနှင့် သာသနာစောင့်နတ်မင်းကြီးများအား ပင့်ဖိတ်ပြီး မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးလှိုင်၊ ဒုတိယရဲမှူးကြီးမြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက ရွှေထီးတော်သစ်အား အမွှေးနံ့သာရေများ ပက်ဖျန်းဆုတောင်းပြီး စေတီတော်အထွဋ်သို့ ရတနာရွှေထီးတော်ဘုံ အဆင့်ဆင့်သို့ဧရာဝတီ"စိန်ဗိုလ်ဆန်း မင်္ဂလာဆိုင်းတော်ကြီး"နှင့် မင်္ဂလာပိုဒ်စုံရတုဖြင့် တင်လှူ ပူဇော်ကြပြီးနောက် ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်လုံးဆိုင်ရာ"အောင်ဓမ္မသိဒ္ဓိပြည်လုံးအေးစေတီတော်မြတ်ကြီး"ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရတနာရွှေထီးတော်တင်လှူပွဲကို မတ်လ (၁၉)ရက်မှ မတ်လ (၂၃ )ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)