ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ ထောပတ်ပဲစိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး ယနေ့အထိ ၂၈၅၀ ဧက ရိတ်သိမ်းပြီးစီး

ပွင့်ဖြူ မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ထောပတ်ပဲသီးနှံစိုက်ခင်းများမှာ အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နွေစပါး၊ နွေနှမ်းနှင့် အခြားနွေသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီလ တတိယပတ်ခန့်က စတင်ရိတ်သိမ်းခြွေလှေ့ လျက်ရှိရာ ယနေ့အထိ ထောပတ်ပဲသီးနှံစိုက်ဧက ၂၈၅၀ ဧက ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် အတွက်  ဈေးကွက်ရှိသည့် ထောပတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ ပဲကြား၊ စားတော်ပဲ၊ ပဲလွမ်း၊ ပဲနောက်၊ ပဲယင်း၊ ပဲပုတ် စသည့် ပဲမျိုးစုံ သီးနှံများအပြင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းတို့ကို စီးပွားဖြစ် အားထားစိုက်ပျိုးကြကြောင်း သိရသည်။ 

“ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့တဲ့ ထောပတ်ပဲသီးနှံစိုက်ခင်းတွေဟာ အသီးများရင့်မှည့်လာပြီဖြစ်လို့ ဒေသခံတောင်သူတွေက နွေသီးနှံလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီ တတိယပတ်ကစပြီး ထောပတ်ပဲစိုက်ခင်းတွေကို စတင်ရိတ်သိမ်းခြွေလှေ့နေကြပါတယ်။ ပွင့်ဖြူမြို့နယ်အနေနဲ့ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ထောပတ်ပဲသီးနှံစိုက်ဧက ၇၆၄၀ လျာထားစိုက်ပျိုးခဲ့ရာမှာ မြေပြင်စိုက်ဧက ၇၇၃၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါ တယ်။ ယခုဆိုရင် ဆောလျင်စွာ စိုက်ပျိုးခဲ့တဲ့ ထောပတ်ပဲစိုက်ခင်းတွေဟာ ရိတ်သိမ်းခြွေလှေ့နေရပြီ ဖြစ်ပါတယ်။ ယနေ့အထိ ရိတ်သိမ်းခြွေလှေ့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲသီးနှံစိုက်ဧက ၂၈၅၀ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးသွားပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့ကတော့ တစ်ဧက (ပျမ်းမျှ) ၂၃ ဒသမ ၈၈ တင်းခန့် ထွက်ရှိပါတယ်။ ဒေသခံတောင်သူတွေကိုလဲ ထောပတ်ပဲသီးနှံ ရိတ်သိမ်းခြွေလှေ့ရာ၌ သီးနှံလေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် ရိတ်သိမ်းခြွေလှေ့နည်း စနစ်များကို အသိပညာပေး ဆောင်ရွက်ထားပါတယ်။ နောက်ပြီး ထောပတ်ပဲသီးနှံက ဈေးကွက်မှာ အရောင်းအဝယ် ကောင်းမွန်ပြီး ဈေးကောင်းရရှိတာကြောင့် ဒေသခံတောင်သူတွေ သီးနှံဝင်ငွေအကျိုးအမြတ်ရရှိပြီး လုပ်ငန်းအဆင်ပြေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး နှစ်စဉ် ဆောင်းရာသီကာလတွင် ထောပတ်ပဲသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ စိုက်ပျိုးရာ၌ အချို့တောင်သူများက ထောပတ်ပဲသီးနှံအား သီးသန့်စိုက်ပျိုးကြသလို သီးနှံဝင်ငွေတိုးပွားစေရန်အတွက် အခြားသီးနှံများနှင့် ရောနှော၍ သီးထပ်သီးညှပ် စိုက်ပျိုးကြသူများ လည်းရှိကြောင်း သိရသည်။ ယခုအခါ ဆောင်းရာသီက စိုက်ပျိုးခဲ့သည့် ထောပတ်ပဲစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံပြန်လည် အစားထိုး စိုက်ပျိုးနိုင်ရေး လှိုင်လှိုင်ရိတ်သိမ်း ခြွေလှေ့နေကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )